၆.၃.၂၀၁၉
—————–
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏ စာရင်းကို အတိအကျ ဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် အတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း
***************************************************************
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ တွင် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏ စာရင်းကို အတိအကျ ဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်း မြင်သာစွာသိရှိစေရန် အတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး သည် ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည် လက်ခံရမည်၊ ပွင့်လင်းမြင်သာမှု ရှိရမည် ပြည်သူ၏ဆန္ဒ၊ မဲဆန္ဒရှင်များ၏ဆန္ဒအစစ်မှန်ကို ဖော်ထုတ် ပေးနိုင်သော ရွေးကောက်ပွဲကြီး ဖြစ်ရမည်ဟုဆိုသည့် ဦးတည်ချက်နှင့်အညီ ၂၀၁၉-၂၀၂၂ မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် အချက်(၁၁)ချက်ရှိပြီး အချက်တစ်ချက်ချင်းစီ၏ ဆောင်ရွက်ရ မည့် လုပ်ငန်းများကိုလည်း အသေးစိတ်စာအုပ်များထဲတွင် ရေးသွင်းဖော်ပြထားပါကြောင်း၊ ၎င်းစာအုပ် များကို သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်အဆင့်များ၊ CSO အဖွဲ့အစည်းများ နိုင်ငံရေးပါတီများကို လည်း ဖြန့်ဝေပေးပြီး ဖြစ်ပါကြောင်း။
၂၀၂၀ တွင် ကျင်းပမည့်ရွေးကောက်ပွဲ၏ မဟာဗျူဟာစက်ဝန်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအကြို ကာလလုပ်ဆောင်ရမည့်အပိုင်း၊ နောက်ရွေးကောက်ပွဲကာလတွင်ဆောင်ရွက်ရမည့်အပိုင်း၊ ရွေးကောက်ပွဲ၏နှောင်းပိုင်း တွင်ဆောင်ရွက်ရမည့် အပိုင်းဟူ၍ အပိုင်းသုံးပိုင်းခွဲခြားထားပါကြောင်း၊ ရွေးကောက်ပွဲအကြို ကာလတွင် ဆောင်ရွက်ရမည့် အပိုင်းထဲတွင် မဲစာရင်းပြုစုရေးအပိုင်း ပါဝင်ပြီး ၂၀၁၉ နှစ်သည် မဲစာရင်းပြုစုရေးနှစ်ဟု သတ်မှတ်ထားရှိပါကြောင်း၊ မဲစာရင်းပြုစုရာတွင် လမ်းညွှန် စာအုပ်များကိုရေးပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ သင်တန်းများ ပို့ချပြီး ၂၀၁၉ ခုနှစ်မှစပြီး မဲစာရင်းများကို ပြုစုထားပါကြောင်း၊ အခြေခံအားဖြင့် ပြုစုရမည့် နည်းလမ်းများသည် ၂၀၂၀ ဒီဇင်ဘာလကုန်တွက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူများကို မဲစာရင်းထဲတွင်ပါဝင်အောင် ကောက်ယူမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူး များကို ပုံစံများပေးပြီး ဖြည့်သွင်းစေမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ တွင် အသက် ၁၈ နှစ်ပြည့်သည့် လူ နောက်ထပ်ငါးသန်းခန့် တိုးလာမည်ဟုလည်း မျှော်မှန်းထားပါကြောင်း၊ နောက်မြေပြင်တွင်ရှိသည့် မဲဆန္ဒရှင်များ၊ အရည်အချင်းရှိသည့် မဲဆန္ဒရှင်များကို တစ်ယောက်မကျန်အောင်ကောက်ထားရန်လည်း လမ်းညွှန်မှာကြားချက်ထဲတွင် ပါရှိပါကြောင်း။
ယခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးသည့် မဲဆန္ဒနယ် များတွင် အိမ်ထောင်စုအလိုက် မဲဆန္ဒစာရင်းကိုပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ကျန်သည့်မဲဆန္ဒရှင်စာရင်းကို ၂၀၁၅ တွင် အက္ခရာအလိုက် ပြုစုထားသည့်အတွက် ၎င်းကိုအိမ်ထောင်စုစာရင်းအလိုက် ပြန်ပြီး ပြုစုမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အပေါ်တွင် အခြေခံပြီး ယခုကောက်ရသည့် စာရင်းများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မဲစာရင်းပြုစုပြီးပါက ၂၀၂၀ တွင် နှစ်ကြိမ်ကပ် မည်ဖြစ်သော ကြောင့် သက်ဆိုင်ရာ မဲဆန္ဒရှင်များကလည်း လာရောက်ကြည့်ရှုပြီး ဖြည့်စွက်ချက်များ ပြင်ဆင်ချက် များ ပြုလုပ်နိုင်ပါကြောင်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မျှော်မှန်းထားသည့်အတိုင်း ပိုမိုတိကျ မှန်ကန်ပြီး ပွင့်လင်းမှုရှိသော မဲစာရင်း ဖြစ်လာလိမ့်မည်ဟု ယူဆပါကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ၁.၆ ဘီလီယံကျော်ခွင့်ပြုပြီး ၉၃၅ သန်းကျော် သုံးခဲ့၍ ၇၂၆ သန်းကျော် ပိုခဲ့ပါကြောင်း၊ ပိုသည့် ငွေများကိုလည်း ပြန်အပ်ပြီးဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင်ခွဲ အဆင့်ဆင့် တာဝန်ရှိသည့်သူများက ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
၆.၃.၂၀၁၉—————–ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ…
Posted by Pyithu Hluttaw – ပြည်သူ့လွှတ်တော် on Wednesday, March 6, 2019