မင်းဇော်မင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ကာ ပထမအကြိမ် ဆန္ဒမဲပေးခွင့်ရမည့် လူငယ်များအား ရည်ရွယ်၍ ပြဇာတ်ပုံစံဖြင့် ပညာပေးသင်တန်းကို ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Myanmar Network Organization for Free and fair Election-MYNFREL) ထံမှ သိရသည်။
ပင်းတယတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပထမအကြိမ် မဲပေးရမည့် လူငယ်များအား ရည်ရွယ်၍ ပညာပေးသင်တန်း ပြုလုပ်
KanbawzaTai Editor February 04, 2019 0
မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် လာမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ၌ အသက် ၁၈ နှစ်ပြည့်ကာ ပထမအကြိမ် ဆန္ဒမဲပေးခွင့်ရမည့် လူငယ်များအား ရည်ရွယ်၍ ပြဇာတ်ပုံစံဖြင့် ပညာပေးသင်တန်းကို ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Myanmar Network Organization for Free and fair Election-MYNFREL) ထံမှ သိရသည်။
.
.
“လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒပေးခွင့်ရမယ့် လူငယ်တွေအတွက် ရည်ရွယ် ပါတယ်။ ဒီသင်တန်းမှာ ထူးခြားတာတော့ အရင်သင်တန်းတွေလို ခန်းမထဲမှာ မပြုလုပ်ဘဲ ဈေးနေ့မှာလာတဲ့ လူအများအတွက် ပြဇာတ်သဘောမျိုးနဲ့ အမေးအဖြေတွေလုပ်တော့ အားလုံးထိထိရောက်ရောက် ပြောကြပါတယ်။ အသက် ဘယ်လောက်မှာ မဲပေးခွင့်ရှိလဲတို့၊ မဲပေးရတဲ့ရည်ရွယ်ချက်တို့ကို အမေးအဖြေတွေ လုပ်ဖြစ်ပါတယ်”ဟု MYNFREL မှ ဆရာမ ဒေါ်ဝင်းမြထွန်းက ဇန်နဝါရီလ ၄ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါသင်တန်းကို ပင်းတယမြို့၊ ကလောမြို့နယ်များမှ ခံသင်တန်းသားလူငယ် ၂၇ ဦးဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့ပြီး သင်တန်းနောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၃ ရက် ပင်းတယဈေးနေ့တွင် ဈေးအတွင်း “မဲပေးစို့” ခေါင်းစဉ်ဖြင့် သရုပ်ပြပွဲ ပြုလုပ်ခဲ့ပြီး ဈေးလာပြည်သူများအား အမေးအဖြေကဏ္ဍ ပြုလုပ်ခြင်း၊ အသိပညာ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ကျွန်တော့်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အသက်မမီတဲ့အတွက် မဲမပေးခဲ့ရပေမဲ့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်ပေးရမယ့် မဲတစ်ပြားရဲ့တန်ဖိုးကို သိရှိလာရတဲ့အတွက် သင်တန်းတက်ရောက်ရတာ အလွန်ဝမ်းမြောက်ပါတယ်။ မဲပေးဖို့ကိုလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်” ဟု အဆိုပါ သင်တန်းသို့ တက်ရောက်ခဲ့သည့် ပင်းတယမြို့နယ်မှ အသက် ၂၀ အရွယ် မောင်ဇော်မင်းထွန်း ဆိုသူက ပြောသည်။
.
“ဒီမိုကရေစီရဲ့ စံနှုန်းတွေနဲ့ ရွေးကောက်ပွဲတစ်ခုမှာ ကိုယ်ပေးရမယ့် မဲတစ်ပြားရဲ့တန်ဖိုးကို ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေသာမက လူကြီးတွေဆီပါ အသိပညာဖြန့်ကျက်စေဖို့၊ အထူးသဖြင့် ပယ်မဲများတဲ့နေရာ၊ မဲလာပေးသူနည်းတဲ့နေရာတွေမှာ သင်တန်းပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု MYNFREL ပရိုဂရမ် ဒါရိုက်တာ ဦးအောင်လှိုင်ထွန်းက က ပြောသည်။
.
အဆိုပါသင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လွိုင်လင်၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရှုး၊ လဲချားမြို့နယ်များတွင်လည်း ပြုလုပ်ခဲ့ပြီးဖြစ်ကာ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့တွင် ပင်လုံမြို့၌ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တာချီလိတ်၊ မိုင်းခတ်၊ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ စသည့်မြို့နယ်များတွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် သင်တန်းများဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
http://www.kanbawzatainews.com/2019/02/blog-post_75.html?fbclid=IwAR0fLmAfyrKdm3s4YlSTli5Ls7VfxGj85Y56wGfRu5799l_KeidIzTczCrU